အချစ်ပဲလိုတယ်ဆိုတာနဲ့
၁၅၀၀အချစ်ကိုပြောချင်တာမဟုတ်ပါဘူး၊ မိဘရဲ့အချစ်၊မောင်နှမအချစ်ကို ဆိုလိုရင်းဖြစ်ပါတယ်။
အဲဒိ ၅၂၈ မေတ္တာ အချစ်ကို ပြောချင်တာဖြစ်ပါတယ်။ အချစ်ဆိုတာကမ္ဘာမှာ တည်မြဲနေ သောစကားလေးဖြစ်ပါတယ်။ဘယ်တော့မှလဲမရိုးသွားပါဘူး။
ထို့အတူပါပဲ မိဘတွေရဲ့သားသမီးအပေါ်မှာ ချစ်တဲ့ အချစ်ဟာလည်း ကမ္ဘာတည်သရွေ့ရှိနေမှာပဲ ဖြစ်ပါတယ်။
ဘယ်မိဘကိုပဲမေးမေးပါ
သားသမီးကိုချစ်လားမေးရင်။ အောင်မယ်လေးဘယ့်နှယ်ပြောလိုက်ပါလိမ့် မေးနေဖို့များလိုသေးလား
အသဲနင့်အောင်ချစ်၊အသက်ထက်ချစ်လို့ ပြောကြမှာအသေအချာပါ။ ဟုတ်ပြီမိဘတိုင်း သားသမီးကိုချစ်တယ်။ဘယ်လိုပုံစံတွေနဲ့ချစ်ကြသလဲ။
သားသမီးတွေအပေါ်ဘယ်လိုပြုစုပျိုးထောင်သလဲ။ မျှော်လင့်ချက်ဘယ်လိုရှိလဲ။ မေးပါရစေရှင့်။
စာရေးသူအနေနှင့်
မိဘရဲ့မေတ္တာကိုပြောနေတာ မိဘမို့လို့လား ၊မိဘမဖြစ်ဖူးသေးဘဲ မိဘမေတ္တာကို နားလည်လို့လားလို့
မေးစရာရှိပါတယ်။ စာရေးသူကိုယ်တိုင်က မိဘမဟုတ်ပေမယ့် မိဘတွေများစွာ ရှိနေတဲ့ လူနေမှုပတ်ဝန်းကျင်မှာ
ကြီးပြင်းခဲ့တယ်။ကိုယ်တိုင်ကလည်း မိဘ၊မောင်နှမတွေနှင့်အတူ နေထိုင်နေရတာ ဖြစ်လို့ မိဘမေတ္တာကိုသိပါတယ်။
မိဘတိုင်းမှာ တူညီတဲ့ဆန္ဒတွေရှိပါတယ်။ အဲဒါတွေကတော့ သားသမီးကို မိမိထက်တော်စေချင်တယ်။
လူတော်လူကောင်းလေးတွေဖြစ်စေချင်တယ်။ သားကောင်းသမီးမွန်လေးတွေ ဖြစ်စေချင်ကြပါတယ်။
သားသမီးအတွက်ဆို
ကိုယ်က ငတ်ပစေ၊ ကြွေးကြတယ်။ ကိုယ်ကမဝတ်ရချင်နေ သားသမီးကို ဦးစားပေး ဆင်တယ်။ မိမိရဲ့အတန်းပညာ
နဲနေတယ် ဒါပေမဲ့ သားသမီးကိုတော့ အတန်းပညာ မြင့်မြင့်မားမား တက်ရောက်စေချင်တယ်။ သားသမီးကြီးပွားဖို့ဆိုရင်
မိမိရဲ့အသက်ကိုတောင် ပဓာနမထားပဲ ပေးဆပ်ကြပါ တယ်။ သားသမီးတွေကို လိမ်မာရေးချားရှိဖို့အတွက်ဆိုရင်လဲ
မိဘက လက်ဦးဆရာဖြစ်ပါတယ်။ ရှေ့ဆောင်လမ်းပြဖြစ်တယ်။ အကောင်းဆုံးမိတ်ဆွေလို့ပဲဆိုချင်ပါတယ်။
မိဘတွေက
သားသမီးကို သွန်သင်ဖို့၊ဆုံးမဖို့တာဝန်ရှိတယ်။ ဘယ်လိုဆုံးမ မလည်း။ စာရေးသူအနေနဲ့ အဓိကပြောချင်တာက
မိဘကနေ သားသမီးကို ဆုံးမမှု၊ သားသမီးရဲ့နာခံမှု၊မိဘနှင့် သားသမီးအကြားကခံစားချက်များကို
ပြောပြချင်တာပါ။နိဒါန်းပျိုးရတာစာရှည်သွားပါတယ်။ ကျမတို့ငယ်ငယ်က ရွာမှာပဲမွေးရွာမှာပဲကြီးပျင်းခဲ့ရပါတယ်။
ကလေးဘဝက လည်ကြတယ်၊ဆော့ကြတယ်၊ ချောင်းထဲ၊မြောင်းထဲ သွားပြီးရေကူးကြတယ်။ တောထဲ တောင်ထဲသွားကြတယ်။
မိဘကိုပြောပြီးသွားကြတာရှိသလို ၊ခွင့်မပြုခဲ့ရင် လည်း မသိအောင် ခိုးထွက်ပြီးသွားကြတာပါပဲ။
မိဘစကားကိုနားမထောင်ချင်တာတော့မဟုတ်ပါဘူး။ ချောင်းထဲမသွားရဘူးနော် လို့ပြောရင် ဟုတ်လို့သာပြောတာ။
သူငယ်ချင်းတွေက လာဆွယ်ပြီဆို မိဘအလစ်မှာ သွားကြတာပါပဲ။ မသိရင်တော့ အရိုက်မခံရဘူးပေါ့။
သိလို့ကတော့ ဝါးခြမ်းပြားနဲ့ အတွယ်ခံရပြီသာမှတ်ပါ။ ဖင်၊တင်ပါး၊ခြေသလုံး နာပြီပေါ့။ နောက်ချောင်းထဲသွားအုန်းမလား ပြောရင်းရိုက်တယ်။
မသွားတော့ပါဘူး ဆိုပြောလဲ အရိုက်ခံရတာပဲ။ တခါတခါ ဟောဒိခေါင်းတွေက အမှတ်မရှိဘူးဆိုပြီးလည်း
ခေါင်းတွေကိုရိုက်ပါတယ်။ နာတယ်၊ငိုတယ်၊မှတ်သလား၊နာခံသလားဆို ရှင်းရှင်းပြောရရင် မနာခံဘူး၊
မလိုက်နာခဲ့ပါဘူး။ အမှန်ပြောတာပါ။
ကျမတို့သွားသွားဆော့တဲ့
ချောင်းကတော့ ရွာအရှေ့ဘက်က ချောင်းကလေးပေါ့၊ ခြေချောင်းလို့ လည်းခေါ်ပါတယ်။ မိုးရာသီမှာ
ရေ သျှင်းသန်ပါတယ်။လူစားတဲ့ချောင်းလို့လဲနာမည်ကြီးပါတယ်။ ကျမတို့ ကလေးများကလည်း အဲဒိချောင်းကိုမှသွားချင်ကြတဲ့သူတွေပါ။
ချောင်းထဲရောက်ရင် ပါလာတဲ့အဝတ်တွေချွတ် မြက်ရိုင်းပင်ပေါ်မှာတင်ထားခဲ့ပြီး ချောင်းအထက်ကိုသွား
လေထိုးထားတဲ့ကားကျွတ်ကိုဖက် ရေသျှင်းသန်ပါတယ် ဆိုတဲ့ နေရာကိုမှရွေးပြီး လှိုင်းစီးကြပါတယ်။
အသက်အန္တရာယ်ကိုလည်းမသိ၊ပျော်ချင်တာလောက်ပဲသိကြပါ တယ်။ အိမ်ပြန်ရင်အရိုက်ခံရမှာလဲသိတာပါပဲ။
အမြဲတမ်းအရိုက်ခံရသလို
အမြဲတမ်းလည်း နားမထောင်မိခဲ့ပါဘူး။ ကြာတော့လည်းရိုးသွားတဲ့သဘော ဖြစ်လာပါတယ်။ ကျမတို့
အရိုက်ခံရတိုင်းလည်း ခေါင်းကတော့မဖြစ်မနေအရိုက်ခံရပါတယ်။ ခေါင်းလဲအခေါက်ခံ ရပါတယ်။
ဒါပေမယ့်ကျမတို့လိုက်နာတာရှိပါတယ်။ အိမ်ကလုပ်စရာအလုပ်တွေကိုပြီးအောင်လုပ်တယ်။ ညနေ အလုပ်ချိန်မီအောင်ပြန်ကြပါတယ်။
ကျမတို့လည်းတခါတလေပါးနပ်တယ်။ ပလစ်စတစ်ရေဘူးတွေ နဲ့ရေခပ်ရပါတယ်။ချောင်းထဲကအပြန်ဆို ရေဘူးနဲ့
ရေခပ်ခဲ့တော့အရိုက်မခံရတော့ပါဘူး။ ဒါကျမတို့ကလေး ဘဝက ကိုယ့်အတွက်အကာအကွယ်ယူတဲ့နည်းပေါ့။
တခါတော့ ကျမတို့ကို ရိုက်နေတဲ့အချိန် အဖေတို့နဲ့အသိ ရောက်လာပြီး ပြောပါတယ်။ ကလေးကို
ရိုက်တာမှာ ခေါင်းကိုမရိုက်ဖို့၊ရိုက်ရင်ဥာဏ်ထိုင်းစေကြောင်းပြောပါ တယ်။
ကျမရဲ့အထက်မှာ
အစ်ကိုတစ်ယောက်၊အစ်မတစ်ယောက်ရှိပါတယ်။ သူတို့တွေက အကြီးတွေဆိုတော့ အမေက ပိုရိုက်ပါတယ်။
ကျမတို့မိသားစုက မုန့်ဟင်းခါး ဖောက်သည်ပေးတဲ့အလုပ်လုပ်ပါတယ်။ မနက်ဆို စောစောထရပြီး
ညဆို ၆ နာရီ ၇နာရီလောက်မှ ပြီးပါတယ်။ မနက်ခင်းအဖေက ၂နာရီ ၃နာရီအိပ်ရာထ အလုပ်လုပ်တယ်။
၎ နာရီလောက်ဆို ကျမတို့မောင်နှမတွေက အိပ်ရာထ စာကျက်ရတယ်။ ၅နာရီလောက်ဆိုရင် မုန့်ဟင်းခါးတွေကို
ပိဿာချိန်အလိုက်မှာယူတဲ့ ဖောက်သည်တွေဆီကို ပို့ပေးရပါတယ်။ ဒီလိုနဲ့ မနက် ၇ နာရီလောက်ဆိုရင်
မနက်စာထမင်းစားပြီး ကျောင်းကိုသွားရပါတယ်။ ကျောင်းကပြန်ရင် ရေခပ်တယ်။ မုန့်ဟင်းခါးလုပ်တဲ့နေရာမှာ
ကူလုပ်တယ်။ ည ၇နာရီမှာ ညစာစားတယ်။ စားပြီးရင်စာကျက်ရတယ်။
ကျမတို့မောင်နှမတွေ
ထမင်းစားပြီး စာကြည့်စားပွဲမှာထိုင်ပြီဆိုတာနဲ့ ကျောင်းကပေးလိုက်တဲ့အိမ်စာ တွေလုပ်ရတယ်။
အိမ်စာတွေက များရင် ၉ နာရီထိုးတာတောင် စာကမကျက်ဖြစ်ဘူး။ စာမကျက်ရင် အဖေနဲ့အမေက မကြိုက်ပါဘူး။
ကျမတို့မောင်နှမတွေကလည်း တိုက်ထားတဲ့အတိုင်းပါပဲ ၈နာရီခွဲပြီဆိုတာနဲ့ မျက်ခွံလေးလေးကြီးတွေနဲ့
တစ်ယောက်ကိုတစ်ယောက်ပြန်ကြည့်နေရတယ်။သူ့ကိုယ်ကြည့် ကိုယ့်သူကြည့်နဲ့ ပိုအိပ်ချင်လာတယ်။
ထမင်းအဆီက တက်လို့ကောင်းနေတာဆိုတော့ အိပ်ချင်ပါတယ်။ အဖေတို့အလစ်မှာ စားပွဲပေါ်ခေါင်းလေးတင်ပြီး
အိပ်မိတယ်။ မိလို့ကတော့ ဒေါက်ခနဲ ဒေါက်ခနဲ ခေါင်းတွေအခေါက်ခံရပါတယ်။ အိပ်ချင်ပြေအောင်လည်း
မျက်နှာသစ်လည်းမရပါဘူး။ အမြဲတမ်းလည်း အဆူခံရပါတယ် အပျင်းကြီးတဲ့သူတွေ၊ ဒီလိုသာပျင်းနေရင်
ဖျင်းကြမယ်။ စာမေးပွဲလည်း အောင်မှာမဟုတ်ဘူးဆိုပြီး အမြဲပြောခံရပါတယ်။ ဒီလိုနဲ့ပဲ အိပ်ချင်စိတ်ကို
မနိုင်မနင်းထိန်းရင်းစာကျက်ခဲ့ရပါတယ်။ ကျက်တဲ့စာတွေကလည်း မျက်ရည်တွေနဲ့ကြည့်ရတာ ဆိုတော့စာကမသဲကွဲပါဘူး။
စာတွေကလည်း အလွတ်ရတယ်လို့မရှိပါဘူး။ အိပ်ငိုက်တာမိတိုင်းလည်း အရိုက်ခံရလို့ ငိုယိုပြီး
အိပ်ခဲ့ရတဲ့ညတွေက မနည်းခဲ့ပါဘူး။ ဒီလိုနဲ့ ကျမရဲ့ အစ်ကိုရယ် အစ်မရယ်တို့ဟာ စာမေးပွဲတွေကျတယ်။
ဘယ်လောက်ထိလဲဆိုရင် ကျမတို့မောင်နှမသုံးယောက်လုံး ရှစ်တန်းမှာ တစ်ယောက်တစ်ခန်းစီဖြစ်ခဲ့ရတယ်။
အဖေနှင့်အမေတို့ကလည်း အစ်ကိုနှင့်အစ်မတို့ကို ညီမလေးကတောင် အတန်းမီလာပီ မရှက်ဘူးလား၊
ဒီနှစ် ရှစ်တန်းမှာ ကျတဲ့သူကို ကျောင်းဆက်မထားတော့ဘူးဆိုပြီး ပြောပါတယ်။
အောင်စာရင်းထွက်တော့
ကျွန်မတစ်ယောက်ပဲ ရှစ်တန်းအောင်ခဲ့ပါတယ်။ အစ်ကိုနဲ့အစ်မက ကျောင်းထွက်ခဲ့ရပါတယ်။ ကျွန်မတော်လို့မဟုတ်ပါဘူးကံကောင်းလို့အောင်ခဲ့တာပါ။
ကျွန်မအခုအသက်အရွယ်ရောက်လာတော့စဉ်းစာမိတယ်။
ကလေးတွေအနေနဲ့သွေးအားကကောင်းချိန်၊ တစ်နေ့တာကျောင်းမှာစာသင်ကစား၊အိမ်ရောက်တော့အလုပ်ပင်ပင်ပန်းပန်းလုပ်ရဆိုတော့
ညအနားယူရမည့် အချိန်မှာ အိပ်ချင်တာသဘာဝပါ။ ငယ်ငယ်ကခဏခဏကြားနေရတာက ပျင်းတဲ့လူတွေ ဖျင်းကြမယ်၊
နင်တို့က တော်လာမှာမဟုတ်ဘူးလို့ …..ဒီတော့ ငါကလူဖျင်းတစ်ယောက်လို့ခံယူသွားတယ်။ တော်တဲ့သူက
ငါတို့မဟုတ်ဘူး ဆိုပြီး စိတ်ထဲမှာအမြဲစွဲနေခဲ့တယ်။
ဒီလိုနဲ့
၁၀ တန်းကို ကံကောင်းထောက်မစွာ အောင်ခဲ့တယ်။ ကျွန်မမှာ တစ်ခုကောင်းသွားတာက စာဖတ်ဝါသနာပါတာပါ။
စာဖတ်ချင်တာ၊ ၁၀ တန်းအောင်ပြီးတော့ မိဘက စာဖတ်တာကို မကန့်ကွက်ပါဘူး။ ကျောင်းတက်တဲ့အချိန်မှာဆို
အပြင်စာဖတ်မိရင်အဆူခံရတယ်လေ။ မိဘကိုကျွန်မအပြစ်မတင်ပါဘူး ဒါက ဘဝအခြေအနေအရ ရေမြေဒေသနေရာအရ
လူတွေရဲ့ဓလေ့ ဖြစ်စဉ်တစ်ခုလို့သင်ခန်းစာယူရပါမယ်။ စကားကို ပြန်ဆက်ရရင် ကျွန်မ အဖေကတော်ပါတယ်။
ရတနာမွန်စာအုပ်လစဉ်ယူတယ်။ ဖတ်ဖြစ်တယ်။ ဂျာနယ်တွေဝယ်တယ်။ ဖတ်ဖြစ်တယ်။ စာဖတ်တဲ့အကျင့်ရလာတော့
အတွေးအခေါ်တွေ ပြောင်းလာတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပျင်းတယ်လို့ယူဆထားတဲ့အယူအဆလည်းမရှိတော့ဘူး။
တရားမှု၊မတရားမှု ကိုသိလာတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာတယ်။
ဒါကြောင့်လေ
သားသမီးကို အသိဥာဏ်ပညာထက်မြက်စေချင်လျှင် စာကြည့်တိုက်ကို လွှတ်ပါ။ စာပေဖတ်ရှုလေ့လာ တဲ့အကျင့်တွေရလာအောင်လုပ်ပေးပါ။
စာကြည့်တိုက်ကို လက်တွဲခေါ်လာပါ။ သားသမီးကိုချစ်တာလေ ချစ်တတ်ဖို့လိုပါတယ်။ တကယ်ဆိုရင်
အချစ်ပဲလိုပါတယ်။ မှန်ကန်စွာ ချစ်တတ်ကြပါစေ …………..
ခိုင်ဇာ(ယောမြေ)
No comments:
Post a Comment