“မြန်မာနိုင်ငံဟာ
ကမ္ဘာနဲ့ယှဉ်ပြီး ပြောရမယ်ဆိုရင် စာဖတ်အားအင်မတန်နိမ့်ကျ နေသော နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။
စာဖတ်အားနည်းကြရခြင်း အကြောင်းရင်းတွေ ထဲက တစ်ခုကတော့ “စာကြည့်တိုက်ရှားပါးခြင်း” ကြောင့်ဖြစ်ပါတယ်။ဒီနေရာမှာ
စာဖတ်အားနည်းခြင်းနဲ့ စာကြည့်တိုက်ရှားပါးခြင်းက အပြန်အလှန် သက်ရောက်မှု ရှိပါတယ်။
စာကြည့်တိုက်တွေမရှိလို့ စာဖတ်သူမရှိဘူး၊ စာဖတ်သူတွေမရှိလို့ စာကြည့်တိုက်တွေ မတည်မြဲရတာ….စသဖြင့် အပြန်အလှန်ပြောလို့ရနေပါတယ်…. စာကြည့်တိုက်တွေ အစိုးရက
ချပေးပေမယ့် ဖွင့်ပေးပေမယ့် ဘာ့ကြောင့် ရေရှည် မတည်မြဲ ရသလဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်မရဲ့
ထင်မြင်ချက်တစ်ချို့ကိုပြောပါမယ်- မြန်မာနိုင်ငံသားအများစုဟာ စာအုပ်စာပေကိုတန်ဖိုးထားရကောင်းမှန်း
ဂဃနဏ မသိကြသလို စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးကိုလည်း နည်းလည်သက်ဝင် ယုံကြည်မှု နည်းကြပါတယ်။ဒါဟာနိုင်ငံရဲ့ပညာရေးနိမ့်ပါးမှုနဲ့တိုက်ရိုက်သက်ဆိုင်နေတဲ့
အကြောင်း တစ်ခုပါ။ နောက်တစ်ခုက စာကြည့်တိုက်ကို ဖွင့်လှစ်ပေးသူ စာကြည့်တိုက် တည်ထောင်သူ
အများစုဟာလည်း စာဖတ်ခြင်းနဲ့ပတ်သက်ပြီး သေချာစွာ နားလည် ထားသူများမဟုတ်တတ်ကြပါဘူး၊တန်ဖိုးကိုနားမလည်တော့
တန်ဖိုးမထား ဒီတော့ရေ ရှည်တည်တံ့အောင် မစွမ်းဆောင်နိုင်ဘဲ ပျက်စီးကြရတာပါ။ကျွန်မက ကျောင်းဆရာမ
တစ်ယောက်ဖြစ်တဲ့အတွက် ကျောင်းစာကြည့်တိုက်များနဲ့ ယှဉ်ပြိုင်ထောက်ပြပြီး ပြောပါ့ မယ်။အစိုးရရဲ့ပေါ်လစီအရ
ကျောင်းတိုင်းမှာ စာကြည့်တိုက်ရှိပါတယ်။ တကယ်လို့ ကျောင်းတိုင်းမှာ ရှိတဲ့စာကြည့်တိုက်တွေသာ
အမှန်တကယ် သက်ဝင်ရှင်သန်ဖွံ့ဖြိုး နေခဲ့ရင်.. မြန်မာနိုင်ငံမှာ စာဖတ်သူနည်းတယ် စာကြည့်တိုက်တွေ
မရှင်သန်ဘူးဆိုတဲ့ အကြောင်းအချက်မျိုးရှိလာမှာမဟုတ်ပါဘူး။ ကျောင်းစာကြည့်တိုက် တွေဟာ
စာအုပ် စာတမ်း ငွေကြေးထောက်ပံ့မှု အလုံအလောက်မရတာကြောင့် ဟန်ပြသာသာပဲ ရှိကြပါ တယ်။ကျောင်းစာကြည့်တိုက်ဝန်ထမ်းဆိုပြီး
တသီးတသန့်ခန့်ထားခြင်းမရှိတဲ့အတွက် ကြောင့်လည်း သင်ကြားရေးတာဝန်တစ်ဖက်နဲ့ ဆရာဆရာမတွေဟာ
စာကြည့်တိုက်ကို အချိန်ပေးမဖွင့်လှစ်နိုင်ဘဲ စာကြည့်တိုက်တံခါးတွေကိုပိတ်ထား လိုက်ကြရပါတယ်။
အကယ်၍ ပြန်/ဆက်နဲ့ ပညာရေးဌာန နှစ်ခုပူးပေါင်းပြီး ကျောင်းစာကြည့်တိုက် ဝန်ထမ်းများခန့်အပ်ပေးကာ
အချိန်ပေးပြီးဆောင်ရွက်နိုင်မယ်ဆိုရင် ကျောင်းစာကြည့် တိုက်တွေရှင်သန်လာမှာပါ။ ကျောင်းဆိုတာလူတိုင်းရဲ့ငယ်ဘဝ
ကိုဖြတ်သန်းခဲ့ရတဲ့ နေရာဌာနတစ်ခုပါ။နောက်ပြီး ကလေးအရွယ်ဆိုတာ ပုံသွင်းဖို့ အလွယ်ဆုံးဖြစ်ပြီး
အသစ်အဆန်းပညာရပ်မှန်သမျှကို စိတ်ဝင်စားတဲ့အရွယ်ပါ။ အကယ်၍ ကျောင်း စာကြည့်တိုက်တွေသာ
အမှန်တကယ်ရှင်သန်ပြီး စာအုပ်စာတမ်းပြည့်စုံနေခဲ့ရင် ကလေးတွေကို စာဖတ်ဖို့၊ စာအုပ်စာပေကိုမြတ်နိုးဖို့
ပျိုးထောင်ပေးနိုင်ခဲ့မှာပါ။ ဒီလိုသာဆိုရင် စာဖတ်သူတွေတိုးပွားလာပြီး ကျောင်းပြီးတဲ့အခါလည်း
ပြင်ပမှာ စာအုပ်တွေဆက်ဖတ်ဖို့ လမ်းကြောင်းရှာလာပါလိမ့်မယ်။ ဒီလိုနဲ့ ကျောင်းပြင်ပ စာကြည့်တိုက်တွေ တည်ထောင်လာပြီး
စာဖတ်သူတွေ ဆက်လက်တိုးပွားလာပါလိမ့်မယ်။ စာဖတ်သူတိုးပွားလာရင် စာအုပ်လုပ်ငန်းတွေ၊ စာကြည့်တိုက်တွေ
ပျက်သုန်းရတယ် ဆိုတာရှိလာမှာမဟုတ်တော့ပါဘူး၊ ကျေးရွာတိုင်းမှာ စာကြည့်တိုက်ဖွင့်လှစ်နိုင်ဖို့ခက်ခဲပါ
တယ်။ ဒီထက် ကျေးရွာကလူကြီးတွေအားလုံး စာကြည့်တိုက်ကိုလာပြီး စာဖတ်အောင် လုပ်ဖို့ ပိုခက်ခဲပါတယ်။
သို့ပေမယ့် ကျောင်းတိုင်းမှာ ကျောင်းစာကြည့်တိုက်တွေရှိပါ တယ်။ဒီစာကြည့်တိုက်တွေကို
ရှင်သန်အောင်လုပ်ဖို့က အထက်ကလောက်မခက်ခဲ လှပါဘူး။ ကျောင်းသားအရွယ်ကလေးတွေကို စာဖတ်အောင်တိုက်တွန်းဖို့ကလည်း
သာမန်အရပ်သားတွေလောက်မခက်ခဲလှပါဘူး။ ကျောင်းစာကြည့်တိုက်များကိုသာ အမှန်တကယ် ဟန်ပြမဟုတ်ဘဲ
ရှင်သန်အောင်ထောက်ပံ့ပေးလိုက်ပါ…စာကြည့်တိုက်
တွေမအောင်မြင်ဘူးဆိုတဲ့ အဖြစ်အပျက်တွေရှိလာတော့မှာမဟုတ်ပါဘူး”
မြန်မာနိုင်ငံ၏သမိုင်းအချက်အလက်များ၊မြန်မာနိုင်ငံတွင်းဒေသဆိုင်ရာဗဟုသုတများ၊စာအုပ်စာပေများ၊အထွေထွေဗဟုသုတများ
သိမှတ်ဖွယ်ရာဗဟုသုတအဖြာဖြာများ
Wednesday, September 12, 2018
Saturday, January 6, 2018
လူငယ်နှင့်စာကြည့်တိုက်ဖွံ့ဖြိုးရေး
နိဒါန်း
၁။ နိုင်ငံတိုင်း၊ နိုင်ငံတိုင်း၏ ဖွံ့ဖြိုးတိုးတက်မှုကိုတိုင်းတာရာတွင်
နိုင်ငံတွင်းရှိသည့် သဘာဝ သယံဇာတများနှင့်တိုင်းတာခြင်းမဟုတ်ဘဲ နိုင်ငံတွင်းရှိ နိုင်ငံသူ၊နိုင်ငံသားများ၏
အရည်အသွေး တစ်နည်းဆိုရလျှင် လူ့စွမ်းအားအရင်းအမြစ်သည်သာလျှင် ဖွံ့ဖြိုးတိုးတက်မှုကို
ပြသပါမည်။ သို့ဖြစ်ပါ၍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရန်မှာ
နိုင်ငံသားများအားလုံး၏တာဝန် ဖြစ်ပါသည်။
ရည်ရွယ်ချက်
၂။ ဤ လူငယ်နှင့်စာကြည့်တိုက်ဖွံ့ဖြိုးရေး စာတမ်းသည် လူငယ်များအားလည်းကောင်း၊
လူငယ်များကို လက်ဆင့်ကမ်းမည့် လက်ရှိ တာဝန်ထမ်းနေသူများ အနေဖြင့် လူငယ်များ၏ စွမ်းအား၊စွမ်းပကားများအား
ဖော်ထုတ် မြှင့်တင်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ရန်။
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအရေးပါပုံ
၃။ နိုင်ငံတိုင်းတွင် ကိုယ်ပိုင်သဘာဝကပေးသော သစ်တော၊ ကျောက်သံပတ္တမြား၊
ရေနံ၊ သဘာဝဓါတ်ငွေ့ နှင့်အခြားသယံဇာတများသည် ထုတ်ယူသုံးစွဲနိုင်ရုံမျှဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော
နိုင်ငံဖြစ်မလာနိုင်ပါ။ ဥပမာ(ကျွန်မတို့ နိုင်ငံသည် သယံဇာတပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံ
ဖြစ်နေသော်လည်း ဆင်းရဲသောနိုင်ငံတွင် ပါဝင်နေပါသည်။ စင်ကာပူနိုင်ငံသည် သေးငယ်သည့်နိုင်ငံဖြစ်ပြီး
မည်သည့်သယံဇာတမှ မထွက်ရှိပါ။ ပြည်သူများအတွက်ရေကို ပြည်ပမှပင် ဝယ်ယူရပါသည်။သို့သော်
နိုင်ငံ့ခေါင်းဆောင်များက သယံဇာတတွေက နိုင်ငံကိုထိပ်ဆုံးရောက်အောင် ပို့ဆောင်နိုင်မည်မဟုတ်ပဲ
လူသားများဖြစ်သည့် ပြည်သူပြည်သားများကသာ တိုးတက်သော နိုင်ငံကြီးဆီသို့ အရောက်ပို့နိုင်မည်ကို
သဘောပေါက်သဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးကို အဓိကထား ဆောင်ရွက်သဖြင့်
စင်ကာပူနိုင်ငံသည် ယနေ့ခေတ်တွင် ချမ်းသာသော နိုင်ငံများ စာရင်းတွင်ပါဝင်နေပါသည်။) သို့ဖြစ်ပါ၍
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးသည် များစွာအရေးကြီးလှပေ သည်။
၄။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတွင်းနေထိုင်ကြသည့် နိုင်ငံသားတိုင်းက
တစ်ဦးချင်းစီမှစကာ ဖွံ့ဖြိုးတိုးတက်ဖို့လိုပါသည်။“ယနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုသည့် ဆိုရိုးစကားနဲ့အညီ ယနေ့ခေတ် လူငယ်တွေသည် နောင်တချိန်တွင် နိုင်ငံတော်၏
အနာဂတ်လှပအောင်ဖန်တီးမည့် သူများဖြစ်သည့် အတွက် လူငယ်များဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်ပေးရန်မှာ
ကျွန်ုပ်တို့ တာဝန်ပင်ဖြစ်ပါသည်။
လူငယ်များဘဝဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်သင့်သည့်လူကြီးတို့၏တာဝန်
၅။ လူတစ်ယောက်ဖြစ်လာဖို့ ကျွန်ုပ်တို့အားလုံးအနေဖြင့် မိခင်ဝမ်းတွင်းမှ
အစပြုခဲ့ကြရပါသည်။ မိခင် တစ်ယောက်က မိမိရင်မှာလွယ်ထားရစဉ်ကတည်းက အာဟာရပြည့်ဝအောင်ဂရုစိုက်ရပါတယ်။
သို့မှသာ ဥာဏ်ရည်မီသော ကလေးများမွေးဖွားလာနိုင်မှာဖြစ်ပါသည်။ ကလေးဘဝ၏အစောဆုံးနှစ်များသည်
ဘဝအတွက်အရေးကြီးဆုံးသော ကိုယ်ရည်ကိုယ်သွေး အတွက် အခြေခံအုတ်မြစ်ချရန် အချိန်အခါကောင်း
ဖြစ်သည်။ အာဟာရပြည့်ဝအောင်ကျွေးမွေးခြင်း၊ ကျန်းမာအောင်ပြုစုစောင့်ရှောက်ခြင်း၊ ဖွံ့ဖြိုးအောင်
ဆောင်ရွက်ပေးခြင်းတို့သည် ကလေးဦးနှောက်ဖွံ့ဖြိုး ရေးနှင့်ဥာဏ်ရည်ဥာဏ်သွေးဖွံ့ဖြိုးရေးကို
ဖြစ်စေနိုင် သည်။ လူသား၏ ဦးနှောက်ဖွံ့ဖြိုးမှု ၈၅%သည် အသက်ငါးနှစ်အရွယ်တွင် ဖွံ့ဖြိုးပြီးဖြစ်သဖြင့်
ထို့နောက်မှ မြှင့်တင်ရန်ကြိုးစားလျှင် သိမှုစွမ်းရည်နှင့် စဉ်းစားနိုင်မှုမြင့်တက်ရန်ခက်ခဲပါသည်။
(က) သုတေသနတွေ့ရှိချက်
ဦးနှောက်နှင့်အာရုံကြောဆိုင်ရာသုတေသန
လေ့တွေ့ရှိချက်အရ ကိုယ်ဝန်ဆောင်သည့် အချိန်မှစ၍မွေးပြီးသုံးနှစ်အတွင်းကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှုသည်
အများဆုံးနှင့် အမြန်ဆုံး ဖြစ်ပေါ်သည်။ ဘဝ၏အစောပိုင်းနှစ်များ၌ တစ်စက္ကန့်တိုင်းတွင်
ဦးနှောက်အာရုံကြော ဆက်သွယ်မှုအသစ်များ ၇၀၀ ခန့်ဖြစ်ပွားနေသည်။
(ခ) ကလေးများကဏ္ဍကိုအဘယ့်ကြောင့်နံပါတ်(၁)နေရာမှာထားရခြင်းအကြောင်းရင်း
အပြည်ပြည်ဆိုင်ရာစီးပွားရေးပညာရှင်များနှင့်
ဘဏ္ဍာရေးဝန်ကြီးများက ရလဒ် အကောင်းဆုံးဖြစ်သော ကလေးသူငယ်ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံမှုကို
ရင်းနှီး မြှုပ်နှံသင့်သည့် လုပ်ငန်းများစာရင်းတွင် နံပါတ်(၁)နေရာ၌ ထားရှိပါသည်။ နိုင်ငံ
ပေါင်းများစွာမှ သုတေသနတွေ့ရှိချက်များအရ ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးတွင်
ရင်းနှီးမြှုပ်နှံမှုမှရသော အကျိုးအမြတ်မှာ တစ်ဒေါ်လာရင်းပါက ၁၇.၀၁ဒေါ်လာအထိပြန်လည်ရရှိသည်။
၁၃ဒေါ်လာသည် ပြည်သူ့ကျိုးပြု လုပ်ငန်း အတွက်ရလဒ်ဖြစ်ပြီး ၄.၁၇ဒေါ်လာမှာ အဆိုပါကလေးများမှ
တိုက်ရိုက်ခံစားရရှိခြင်း ဖြစ်သည်။
လူငယ်များ၏စိတ်ဓါတ်နှင့်သဘောထားများ
၆။ လူငယ်များသည် မိမိကိုယ်ကိုယ်ယုံကြည်မှုရှိကြပါတယ်။ ခလုတ်တိုက်လို့လဲကျသွားရင်
လာရောက်ထူပေးနိုင်မည့်သူကို ရှာမနေတတ်ဘဲ ကိုယ့်အားကို အားပြုပြန်ထချင်ကြသည်။ လာထူမည့်သူများကိုလဲ
တားဆီးတတ်သည်။ လွတ်လပ်မှုနှင့် တရားမျှတမှုကို လိုလားကြသူများ ဖြစ်ပါတယ်။ လူကြီးတွေရဲ့
ပြစ်တင်ရှုံ့ချမှုစကားကိုမဆိုထားနဲ့ အပြစ်တင်တဲ့အကြည့်လေးကိုတောင်မလို လားကြတဲ့သူတွေပါ။
မိမိအားစိုက်မှု၊ အားထုတ်ကြိုးစားထားမှုကို အလေးထားခြင်း၊ လက်ခံအသိအမှတ်ပြု တာကိုလိုချင်ကြပါသည်။
အနာဂတ်အတွက်လူငယ်များအားစောင့်ရှောက်ခြင်း
၇။ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့် စကားအတိုင်း လူငယ်များသည် နိုင်ငံတစ်နိုင်ငံအတွက်
အရေးပါသောသူများပင်ဖြစ်သည်။ အသက် ၁၈နှစ်ပြည့်ပြီးလူငယ်များအတွက် လမ်းကြောင်းမှန်စွာ
လျှောက်လှမ်းနိုင်ရေးအတွက် စောင့်ရှောက်မှုလုပ်ငန်းများသည်လည်း အရေးပါသော လုပ်ငန်းများပင်
ဖြစ်သည်။လူငယ်များသည် ရှေ့မှလူကြီးများ၏ အကျင့်စရိုက်ကို အတုယူခြင်း၊ လေ့လာဆန်းစစ်ခြင်း၊
စူးစမ်းခြင်းများကို ပြုလုပ်ကြလေ့ရှိပါသည်။ သို့ပါ၍အောက်ပါအချက်များသည် လူမှုအခြေပြုသူများအတွက်
သတိထားသင့်သည်-
(က) လွဲမှားသောအမူအကျင့်များ၊
(ခ) လျစ်လျူရှုခြင်း၊
(ဂ) အကြမ်းဖက်ခြင်း၊
(ဃ) နှိမ့်ချဆက်ဆံခြင်း၊ခွဲခြားဆက်ဆံခြင်း
လူငယ်နှင့်စာကြည့်တိုက်
၈။ အထက်တွင်ဖော်ပြခဲ့ပြီးဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက်
လူငယ်များ ကာယ ဖွံ့ဖြိုးမှုနှင့်အတူ ဥာဏ်ရည်မြင့်မားရေး ၊အသိပညာဗဟုသုတနှင့်ပြည့်စုံရေး
သည် အလွန်အရေးပါလှ ပေသည်။ လူငယ်များ အသိပညာဗဟုသုတမြင့်မားစေရန် စာပေဗဟုသုတများ လေ့လာကြဖို့လိုအပ်
ပါသည်။ စာပေဖတ်ရှုသည့်လူငယ်နှင့်စာမဖတ်သည့် လူငယ်များစွာကွာခြားပြီး တိုးတက်မှု၊အောင်မြင်မှု၊
ဖွံ့ဖြိုးမှုတွေလည်းကွာခြားပါသည်။ လူငယ်များသည် အချိန်ကို အကျိုးရှိရှိအသုံးချပြီး
ဘဝအောင်မြင်ရေး၊ ဘဝတိုးတက်ရေးကို ဆောင်ရွက်လျက်နေမှသာ အနာဂတ်နိုင်ငံတော်အတွက် ခေါင်းဆောင်ကောင်းများ
ရရှိမည်ဖြစ်သည်။ စာပေဗဟုသုတလေ့လာကြမည့်လူငယ်များအတွက် စာပေဖတ်ရှုရန်အတွက် စာကြည့် တိုက်များ
လိုအပ်ပါသည်။
၉။ စာကြည့်တိုက်တစ်တိုက်ဖြစ်ဖို့ အဆောက်အဦ၊ ပရိဘောဂ၊ စာအုပ်စာစောင်များ
ထားရှိရန် မဏာမအားဖြင့် လိုအပ်ပါသည်။
စာကြည့်တိုက်အတွက်
ဖြစ်ပေါ်လာရန်လိုအပ်ချက်များ-
(၁) အဆောက်အဦး
(၂) စာအုပ်များ
(၃) ရံပုံငွေ
(၄) စာကြည့်တိုက်မှူး
(၅) စာအုပ်ငှားရမ်းသူ
၁၀။ စာကြည့်တိုက်တစ်တိုက်တွင် စာကြည့်တိုက်မှူးလည်းရှိ၊ စာကြည့်တိုက်အဆောက်အဦး
၊ ပရိဘောဂများစုံလင်စွာရှိနေပြီး ပညာရပ်ပေါင်းစုံ စာအုပ်များ ထားရှိနေမည် ၊ရန်ပုံငွေ
သည်လည်းရှိနေမည် ဆိုပါစို့ သို့ရာတွင် စာကြည့်တိုက်သို့ စာလာဖတ်မည့်သူ၊ စာအုပ်ငှားရမ်းမည့်သူများမရှိလျှင်
အဆိုပါစာကြည့်တိုက်သည် စာအုပ်သိုလှောင်ရုံတစ်ခုမျှသာဖြစ်နေပေမည်။ စာကြည့်တိုက်ကို လူတွေလာရန်
၊ စာကြည့်တိုက်တွင် စာအုပ်ငှားရမ်းဖတ်ရှုရန် ဘယ်လိုဆောင်ရွက်ပါမည်လဲ။
ခေတ်ရေစီးကြောင်းပေါ်မှ လူငယ်များ
၁၁။ ယနေ့ခေတ်အခြေအနေအရ စာကြည့်တိုက်တွင် စာငှား၊စာဖတ်သည့် ပရိတ်သတ် နည်းပါးသည်။
စာကြည့်တိုက်မှာ စာဖတ်တဲ့သူတွေမရှိ၊ နည်းပါးနေမည်ဆိုလျှင် အနာဂတ် နိုင်ငံ့သားကောင်းများရဲ့စွမ်း
အား ၊ စွမ်းပကားတို့သည် စိုးရိမ်စရာဖြစ်လာပါသည်။ လူ့စွမ်းအားအရင်းအမြစ်တွေကျဆုံးလိမ့်မည်ဖြစ်
သည်။ ယခင်ကတည်းက စာဖတ်သူများရှိပါသည်။ ရှိသော်လည်း နည်းပါးလှပေသည်။ လက်ရှိခေတ်ရေစီး
ကြောင်းအရ လူတိုင်းတွင် ကိုယ်စီ အနည်းဆုံးဖုန်းတစ်လုံးစီ ရှိကြပြီး အင်တာနက်မသုံးတတ်သူ
မရှိ သလောက် ဖြစ်နေပေရာ၊ လူတိုင်း၏ ပါးစပ်ဖျားတွင်ရေပန်းစားလျက်ရှိသည့် Facebook ,
Viber ,Youtue, Wechat စသဖြင့် အင်တာနက်ကိုအသုံးများလာလျက်ရှိပါသည်။ တစ်လလျှင် အင်တာနက်
သုံးစွဲခကို ၂၀၀၀ဝမှ ၅၀၀၀၀ဝထိ သုံးစွဲရန် မနှမြောသော်လည်း စာအုပ် ၃၀၀ဝကျပ်တန် တစ်အုပ်ဝယ်ယူ
ရန်မှာ လက်တွန့်နေကြလျက်ရှိပါသည်။ အချိန်အသုံးပြုမှုတွင်လည်း အလုပ်လုပ်ချိန် ၊ အင်တာနက်သုံးစွဲချိန်
ပမာဏအချိုးမှာ အချိုးမညီဘဲ အလုပ်လုပ်ချိန်တွေနည်းပါးနေသည်ကို တွေ့ရှိရပါသည်။
၁၂။ အင်တာနက်တွင်လည်း လေ့လာစရာတွေ၊ ဗဟုသုတရစရာတွေများ သည်မှာ မှန်သော်လည်း
Facebook , Viber ,Youtue, Wechat များသုံးခြင်းနှင့် စာဖတ်ရှုခြင်းကို နှိုင်းယှဉ်လိုက်သည့်အခါ
စာဖတ်ရှုခြင်းက လူအတွက် အကျိုးပိုရှိစေကြောင်းကို ထောက်ခံအပ်ပါသည်။ သို့ဖြစ်ပါ၍ လူငယ်များအနေဖြင့်
စာကြည့်တိုက်သို့လာရောက်ရန် မည်ကဲ့သို့ဆောင်ရွက်ရမည်နည်း။
၁၃။ မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများအားလုံးသည် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို
အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါဌာနဆိုင်ရာများမှ ကျွန်တော်တို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး
ဦးစီးဌာနအနေဖြင့် လူငယ်များအတွက်အလေးထားဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို တင်ပြလိုပါ သည်။ ကလေးသူငယ်များဖွံ့ဖြိုးရေးအတွက်-
(က) ကလေးများအား ဖိတ်ခေါ်၍ နေရာပေးခြင်း။ ကလေးများအတွက် စုဝေးရာနေရာ တစ်ခုကိုသတ်မှတ်ပေးပြီး ၎င်းတို့အားလွတ်လပ်စွာ
ဆောင်ရွက်စေမည်ဖြစ်ပါသည်။ ဥပမာ- (စာကြည့်တိုက်တွင် ကလေးများအတွက် နေရာထိုင်ခင်းပြင်ဆင်ပေးခြင်း၊
စာပေဖတ်ရှုရာ၌ အဆင်ပြေအောင်စီမံထားခြင်း၊ သက်တောင့်သက်သာဖြစ်စေရန် ဆောင်ရွက်ခြင်း)
(ခ) အရေးပေးခြင်း။ ကလေးများသည်
သူတို့သိလိုသည်များကို မေးမြန်းခြင်း၊ မသိသောစာများကိုမေးခြင်း၊ စာကိုဖတ်ပြစေခြင်းများ
ပြုမှုပါက အရေးပေး ဆောင်ရွက်သင့် ပါသည်။
(ဂ) ထောက်ပံ့ကူညီပေးခြင်း။ ပြပွဲပြိုင်ပွဲများပြုလုပ်ပေးခြင်း၊ စာအုပ်နှင့်
အခြား အသုံးအဆောင်များဖြစ်သည့် (ကာလာစာရွက်၊ ရောင်စုံခဲတံ၊ အရောင်ချယ်ဆေးများနှင့်
အခြားပစ္စည်းများ) ကို ထောက်ပံ့ဆောင်ရွက်ပေးသင့်ပါသည်။
(ဃ) အားပေးကူညီခြင်း။ ကလေးများသည်လူကြီးများကဲ့သို့
ခွန်အားဗလအားနည်းခြင်း၊ စဉ်းစားတွေးတောနိုင်မှုအားနည်းခြင်းကြောင့် အသုံးအဆောင်ပစ္စည်းများ
ကူညီယူဆောင် ပေးခြင်း၊ စာအုပ်များရှိစာများအားဖတ်ပြခြင်း၊ရှင်းပြခြင်းများဆောင်ရွက်
ရပါမည်။
၂၀။ လူငယ်များအတွက် အောက်ပါ လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါသည်-
(က) လူငယ်များအတွက်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ
လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို
ပြောင်းလဲရေးဆိုင်ရာ ပညာပေးရေး၊အခြားသိသင့်သိထိုက်သောအသိပညာများအား ပညာပေးဟောပြောခြင်း
တို့ကိုဆောင်ရွက်ခြင်း သည် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည်။
(ခ) သင်ကြားပို့ချခြင်း
အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာများ၊
အီလက်ထရောနက် နည်းပညာများ၊ ဘာသာ စကားများအပြင်၊အခြားပညာများ သင်ကြားပို့ချပေးခြင်းလုပ်ငန်းများ
ဆောင်ရွက်လျက် ရှိပါသည်။
(ဂ) ကူညီစောင့်ရှောက်ခြင်း
အကယ်၍ မူးယစ်ဆေးဝါးသုံးစွဲမိသူလူငယ်များ၊
လူကုန်ကူးခံရသူ လူငယ်များကို ကူညီစောင့်ရှောက်ပေးခြင်း၊ အားပေးနှစ်သိမ့်ခြင်းနှင့်
စိတ်ခွန်အားများဖြစ်လာစေရေး၊ ဖေးမ ကူညီဆောင်ရွက်ခြင်းလုပ်ငန်းများကိုလူမှုဝန်ထမ်းဦးစီးဌာနနှင့်
ပူးပေါင်းကာ ဆောင်ရွက် လျက်ရှိပါသည်။
(ဃ) အလုပ်အကိုင်အခွင့်အလမ်းများကိုကူညီဆောင်ရွက်ပေးခြင်း
အချိန်နှင့်တပြေးညီသတင်းအချက်အလက်များဖြန့်ဝေပေးခြင်း၊
ကြော်ငြာပေးခြင်း၊ ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ အသိပညာဗဟုသုတများ ဖြန့်ဝေပေးခြင်း၊ သင်တန်းများ
ဖွင့်လှစ်သင်ကြားပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိပါသည်။
၂၁။ မျက်မှောက်ခေတ် ကာလတွင် သတင်းအချက်အလက်နည်းပညာခေတ်သို့ ခုန်ကျော်ဝင်
ရောက်လာမှုကြောင့် နည်းပညာပိုင်းဆိုင်ရာများကို လေ့လာနေရမည်မှာမှန်ပေသည်။ လူငယ်များအတွက်
လမ်းမှားသို့မရောက်အောင် တည့်မတ်ပေးရန်မှာ လူကြီးများ၏တာဝန်ပင်ဖြစ်ရာ လူငယ်များလိုက်ပါ
လုပ်ဆောင်ရန်အတွက် ကျွန်တော်တို့က ရှေ့ဆောင်လမ်းပြသူများဖြစ်သည့်အလျောက် လမ်းပြကောင်းများ
ဖြစ်စေရန် မိမိကိုယ်တိုင်က လေ့လာကြိုးစားနေရမည်ဖြစ်ပေသည်။
၂၂။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေး လူ့စွမ်းအားအရင်းအမြစ်
ဖွံ့ဖြိုးတိုးတက်ရေး အတွက်လုပ်ဆောင်ရန်မှာ နိုင်ငံသားများအားလုံး၏တာဝန် ဖြစ်သည့်အလျောက်
ကျွန်တော်တို့ အားလုံးသည် လူငယ်များဖွံ့ဖြိုးရေး၊ စာကြည့်တိုက်များရှင်သန်ရေး ကို အလေးထားဆောင်ရွက်ရင်း
နိုင်ငံ့တာဝန်ကို ပခုံးပြောင်းထမ်းဆောင်မည့် လူငယ်များ၏ အရည်အသွေးကို ထက်မြက်အောင်
ဝိုင်းဝန်းဆောင်ရွက်ကြပါစို့ဟုတင်ပြအပ်ပါသည်။
Subscribe to:
Posts (Atom)